မှော်ဆရာ အချစ် (စ/ဆုံး)
အခန်း ( ၁ )
မနေ့က ဝုန်းကနဲ သဲချလိုက်တဲ့ မိုးဗျာ။ အခုထိ တစ်ချက်မှ မတိတ်သေးဘူး။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နေတယ်ဆိုလား ဘာလား မသိဘူး။ အချိန်မှမဟုတ်တာ။
ပိတောက်ဝါတွေလဲ မိုးပေါက်ထိမှန်ပြီး “လန့်” ပွင့်ကုန်ကြလေရောသလားပဲ.. ဝါ ဝါကိုထိန်လို့ အချိန်မဟုတ်အခါမဟုတ် တပေါင်းလမှ ပိတောက်ပွင့်တာများ အံ့ရော။ အေးလေ ရာသီဥတုနဲ့ပန်းတွေကလဲ အချင်းချင်း အပေးအယူရှိကြတာဆိုတော့ လိုချင်တဲ့အပူချိန် မိုးရေချိန်ရောက်ရင်ပွင့်ကြမှာပဲ။ သစ္စာမရှိဘူး၊ ဘာမရှိဘူးသွားပြောလဲ သူတို့နားလည်မှာမှ မဟုတ်တာ။
